၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့(ကွက်သစ်)ရပ်ကွက်၊ D-3 လမ်းတွင် ခန့်ဇဆွန့် မောင်းနှင်လာသည့် LAND CRUISER PRADO အမျိုးအစား မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းမှ ပလတ်စတစ် ဆပ်ပြာခွက် ၂၂၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီတွင် ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအုပ်စု၊ အိပ်စွပ်ကျေးရွာရှိ မလားလ်နိပ်မော၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ပလတ်စတစ်ဆပ်ပြာခွက် ၄၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၄ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့၍ စုစုပေါင်းဘိန်းဖြူ ၆ ဒသမ ၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၃,၃၀၀) သိမ်းဆည်းရမိခဲ့သဖြင့် ခန့်ဇဆွန့် (၅၀)နှစ်နှင့် မလားလ်နိပ်မော(၆၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူခဲ့ပါသည်။
အလားတူ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းတွင် စိုင်းကျော်(ခ)အိုက်စိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ၃၅ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၂ ဒသမ ၅ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ စိုင်းမောင်ဆိုင်း ငှားရမ်းနေထိုင်သည့် နေအိမ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၃ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၃၀၀)နှင့် မော်တော်ဆိုင်ကယ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းကျော်(ခ)အိုက်စိုင်း(၄၅)နှစ်နှင့် စိုင်းမောင်ဆိုင်း(၄၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ခန့်ဇဆွန့် နှင့် မလားလ်နိပ်မော တို့အား သိမ်းဆည်းရမိသည့် ဘိန်းဖြူများနှင့်အတူ တွေ့ရစဉ်။
စိုင်းကျော်(ခ)အိုက်စိုင်း နှင့် စိုင်းမောင်ဆိုင်း တို့အား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။