နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၁၅၀ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၂၃၇၀ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၇၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၆၉၇ ဦးကို သက်ဆိုင်ရာနိုင်ငံ များသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ထိန်းသိမ်းထားရှိသည့် ပြည်ပနိုင်ငံသား ၂၃၇၀ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန္ဓာ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနှင့် တရုတ်(တိုင်ပေ) တို့မှ နိုင်ငံသားများ ဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြကြောင်း သတင်းရရှိသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်စဉ်။