၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် ခြောက်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၊ အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၂ မိုင် ၄ ဖာလုံရှိ ဒိုက်ဦးအဆင်း လမ်းခွဲ၌ ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ဒိုက်ဦးမြို့မှ အမြန်လမ်းမကြီးသို့ မောင်းနှင်လာသည့် သထုံမြို့၊ ပေါ်တော်မူကျေးရွာနေ ကျော်လင်းထွဋ်(၂၆)နှစ် မောင်းနှင်ပြီး လိပ်အင်းရပ်ကွက်နေ စိုးမင်းပိုင်(၃၆)နှစ် လိုက်ပါလာသည့် MDY-21 2R/XXXX VANGUARD အမျိုးအစား အဖြူရောင် မော်တော်ယာဉ်၊ ဘုရားကြီးမြို့၊ ဟံသာဝတီရပ်ကွက်နေ သိန်းဇော်ဦး(၂၄)နှစ် မောင်းနှင်လာသည့် KYN-7 6M/XXXX KLUGER အမျိုးအစား အဖြူရောင်မော်တော်ယာဉ်၊ ကျိုက်ထိုမြို့၊ မုပ္ပလင်ကျေးရွာနေ ပြည့်ဖြိုးနိုင်(၃၂)နှစ် မောင်းနှင်လာသည့် YGN-34 6Q/XXXX HIJET အမျိုးအစား အဖြူရောင် မော်တော်ယာဉ်၊ သထုံမြို့နယ်၊ ရွှေချောင်းရပ်ကွက်နေ စိုင်းမောင်မောင်(၂၉)နှစ် မောင်းနှင်လာသည့် MDY-11 2Q/XXXX HONDA Fit အမျိုးအစား အဖြူရောင်မော်တော်ယာဉ်၊ ပဲခူးမြို့၊ မြို့သစ်(၁) ရပ်ကွက်နေ တင်ဦး(၅၉)နှစ် မောင်းနှင်လာသည့် MDY-21 7P/XXXX TOYOTA WISH အမျိုးအစား အဖြူရောင်မော်တော်ယာဉ်နှင့် ပုဏ္ဏားစုရပ်ကွက်နေ မောင်ညို(၄၈)နှစ် မောင်းနှင်လာသည့် YGN-34 4R/XXXX RVR အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တို့အား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြစ်ကြောင်း သိရှိရသောကြောင့် ကျော်လင်းထွဋ်ပါ ခုနစ်ဦးအား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီး ရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် ခြောက်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။