၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေး မြို့အဝင်(မြောက်ဂိတ်)၌ အမှတ်(၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကံပြားကျေးရွာမှ မကွေးမြို့သို့ မကွေးမြို့နယ်၊ ဖိုးလေးလုံးကျေးရွာနေ အောင်ကိုဝင်း(၃၂)နှစ် မောင်းနှင်လာသည့် 9N/XXXX HONDA FIT SHUTTLE အနက်ရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် အောင်ကိုဝင်းအား မကွေးနယ်မြေ ရဲစခန်း (ပ)၃၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ ညနေ ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဆည်ကြီး ကျေးရွာအနီး ရမည်းသင်း - ရွှေမြင်တင်သွားလမ်း၌ ရမည်းသင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သိမ်ကုန်းကျေးရွာမှ ရမည်းသင်းမြို့သို့ ပန်းတောင်းကျေးရွာနေ ကျော်ဆန်းဦး(၄၃)နှစ် မောင်းနှင်လာသည့် YGN-20 2E/XXXX SURF အနက်ရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ကျော်ဆန်းဦးအား ရမည်းသင်းမြို့မရဲစခန်း (ပ)၄၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။