Language: Myanmar English

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီး အရေးယူထား

     ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ပျဉ်းမနားမြို့နယ်၊ ရွာကောက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဥယျာဉ်စုရပ်ကွက်၊ အမှတ်(၅)လမ်းပေါ်အရောက်၌ ဓားကိုင်ဆောင်ရမ်းကားနေသူ အဆိုပါရပ်ကွက်နေ ဇေယျာဝင်း(၄၅)နှစ်အား အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန် သုံးချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဇေယျာဝင်းအား ရွာကောက်နယ်မြေရဲစခန်း (ပ)၂၅/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း။
   အလားတူ နံနက် ၅ နာရီ ၄၅ မိနစ်တွင် မြစ်ငယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု(ဝဝ) ရပ်ကွက်၊ ၁၄၂ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားအရောက်၌ အဆိုပါရပ်ကွက်နေ ကျော်ရဲခန့်(ခ)ကျော်ကြီး(၂၄)နှစ်အား အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်ရဲခန့်(ခ)ကျော်ကြီးအား မြစ်ငယ်နယ်မြေရဲစခန်း (ပ)၃၃/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန်ကိုင်ဆောင်သွားလာသူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။