၂၀၂၅ ခုနှစ်၊ မတ် ၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁ ရက် ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဒေါ်စီ(၃၇)နှစ်၏နေအိမ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ လယ်ဝေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝင်ရောက်စစ်ဆေးရာ နေအိမ်အတွင်း၌ ဒေါ်စီနှင့် တစ်ရပ်ကွက်တည်းနေ ကြည်ခိုင်(၄၂)နှစ်၊ ဒေါ်အိအေး(၃၁)နှစ်၊ အောင်မျိုး(၃၈)နှစ်နှင့် ဒေါ်မိုးအေး(၅၀)နှစ်တို့အား ဖဲရိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်စီပါ ငါးဦးအား လယ်ဝေးမြို့မရဲစခန်း (ပ)၄၄/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။