၂၀၂၅ ခုနှစ်၊ မတ် ၃ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ ဘိန်းစိုက်ခင်းများ ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မတ် ၃ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ဆောင်းဆီးကျေးရွာအနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း ၂၀ ဧကခန့်အားလည်းကောင်း၊ အလားတူ နံနက် ၇ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ လိုက်ကန်ကျေးရွာအရှေ့မြောက်ဘက် ၅ ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း ၁၁ ဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။