၂၀၂၅ ခုနှစ်၊ မတ် ၆ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှမောင်းနှင်နေသည့် ဆိုင်ကယ် သုံးစီးအား တိုက်မိသဖြင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၆ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့၊ အေးချမ်းသာယာရပ်ကွက်၊ လေယာဉ်ကွင်းလမ်းမကြီးအတိုင်း ဂေါက်ကွင်းမီးပွိုင့်မှ လေယာဉ်ကွင်းသို့ ရေပုန်းရပ်ကွက်နေ အောင်မြင့်သူ(၃၉)နှစ် မောင်းနှင်လာသည့် YGN-12 2Q/XXXX PAJERO ယာဉ်သည် အဆိုပါလမ်းမကြီးရှိ SLOW DOWN နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ မြိတ်တောင်ရပ်ကွက်နေ ဦးချစ်စမ်း(၅၉)နှစ်မောင်းနှင်ပြီး ချောင်းကူငယ်ရပ်ကွက်နေ ဒေါ်ဇင်မာ(၃၃)နှစ်နှင့် ၎င်း၏သားဖြစ်သူ မောင်တိုးတက်အောင်(၁၁)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်၊ ရှမ်းတောင်ကျေးရွာနေ မမိုးမိုး(၂၉)နှစ် မောင်းနှင်ပြီး အစ်မဖြစ်သူ ဒေါ်ဥမ္မာစိုး(၄၃)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်နှင့် မြိတ်တောင်ရပ်ကွက်နေ အောင်လွင်မိုး(၂၁)နှစ် မောင်းနှင်သည့် ဆိုင်ကယ်တို့အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်ဥမ္မာစိုးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးချစ်စမ်းနှင့် ဒေါ်ဇင်မာ၊ မောင်တိုးတက်အောင်နှင့် အောင်လွင်မိုးတို့ လေးဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် အောင်မြင့်သူအား မြိတ်မြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။