Language: Myanmar English

 မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား ၄၅၈ ဦး လွှဲပြောင်းပေးအပ် ခဲ့ပြီး  ၂၅၀ ဦးအား ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းခဲ့ 

     နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစား မှုများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်း ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေ များတွင် အွန်လိုင်းလောင်းကစားမှုများ၊  အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား ၄၅၈ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး  ၂၅၀ ဦးအား ၂၀၂၅ ခုနှစ်၊ မတ် ၇ ရက်တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့သည်။
     အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင် လွှဲပြောင်းပေးအပ်ခဲ့ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ ကိုယ်စားလှယ်များထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ  စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။
     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၄၅၉၂ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၁၆၇၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၉၂၁ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထားရှိကြောင်း သတင်းရရှိသည်။