Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး

      ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ် ၇ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၇ ရက် ည ၇ နာရီ ၅၀ မိနစ်တွင် သာကေတမြို့နယ်၊ ဇမ္ဗူသီရိ (၅)လမ်းထိပ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ (၆)အနောက်ရပ်ကွက်နေ ဟန်ဝင်း(၄၁)နှစ်သည် ဘေးတွဲဆိုင်ကယ်ဖြင့် ဇမ္ဗူသီရိလမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ (၁)ထူပါရုံရပ်ကွက်နေ ဦးသက်ထွန်း(၆၉)နှစ်အား ဝင်ရောက်တိုက်မိ၍ ဦးသက်ထွန်းတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် ဟန်ဝင်းအား သာကေတမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ယာဉ်တိုက်မှုမှ တရားခံနှင့် ဘေးတွဲဆိုင်ကယ်၏ မှတ်တမ်းဓာတ်ပုံ။