၂၀၂၅ ခုနှစ်၊ မတ် ၈ ရက် နံနက် ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီး HIGER အမျိုးအစား ခရီးသည်တင်မှန်လုံယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မနန်းရီ သယ်ဆောင်လာသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေ ၁၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၅၀ သိန်း) အား သိမ်းဆည်းရမိခဲ့သဖြင့် မနန်းရီ(၆၀)နှစ်အားလည်းကောင်း။
အလားတူ မတ် ၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ရပ်ကွက်(၅)ရှိ မအီစိန်၏နေအိမ်အား ရှာဖွေရာ နေအိမ်အိပ်ခန်းထဲရှိ သံသေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၄,၁၀၀ ပြား(တစ်ပြားလျှင် ငွေ ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၃၂၀ ဒသမ ၅ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် မအီစိန်(၅၇)နှစ်အားလည်းကောင်း။
အလားတူ မတ် ၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုံး(ခ)ကျေးရွာအုပ်စု၊ ပါခုတ်ကျေးရွာအနီးတွင် သက်နိုင်ဝင်း(ခ)ကိုသက် မောင်းနှင်လာသည့် HONDA INSIGHT အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၀၀၀ ပြား (တစ်ပြားလျှင် ငွေ ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၁၆၈ သိန်း) အား သိမ်းဆည်းရမိခဲ့သဖြင့် သက်နိုင်ဝင်း(ခ)ကိုသက် (၃၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အသီးသီးအရေးယူထားကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။
ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၌ ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။