၂၀၂၅ ခုနှစ်၊ မတ် ၁၁ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဓားဦးချွန် သုံးချောင်းနှင့် သံတုတ်ကိုင်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် တာချီလိတ်မြို့နယ်၊ ဟောင်လိတ်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားစေတီဝင်းအတွင်း လုံခြုံရေးဆောင်ရွက် နေစဉ် ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တွင် သံတုတ်ကိုင်ဆောင်သွားလာသူ အဆိုပါရပ်ကွက်နေ တင်ထွန်းဝင်း(ခ)မောင်ထွန်း(၃၅)နှစ်အားစစ်ဆေးရာ ၎င်းထံမှ ၃၅ လက်မခန့်ရှိ သံတုတ်နှင့်အတူ ခါးကြားမှ အရိုး/အသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း၊ အရိုး/အသွား ၁၃ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း၊ အရိုး/အသွား ကိုးလက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းတို့အားတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် တင်ထွန်းဝင်း(ခ)မောင်ထွန်းအား တာချီလိတ်မြို့မရဲစခန်း(ပ)၄၆/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဓားဦးချွန် သုံးချောင်းနှင့် သံတုတ်ကိုင်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။