Language: Myanmar English

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိ

      ၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ရွှေဝါမြိုင်ကျေးရွာအနီး တရားမဝင်ကျွန်းသစ်များ သယ်ဆောင်နေကြောင်းသတင်းအရ စစ်ကွင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရွှေဝါမြိုင်ကျေးရွာနှင့် တာကလေးကျေးရွာကြား ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၉၇ မိုင် ၈ ဖာလုံနှင့် ၇ ဖာလုံကြားတွင် စောင့်ဆိုင်းနေစဉ် ရွှေဝါမြိုင်ကျေးရွာဘက်မှ တာကလေးကျေးရွာဘက်သို့ ရန်ကုန်-ပြည်ကားလမ်းအတိုင်း အုတ်ဖိုမြို့နယ်၊ ရွာသစ်ကျေးရွာနေ ဇော်မင်းထွဋ်(၃၁)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ယာဉ်ပိုင်ရှင် သန်းတင့်(၅၉)နှစ် လိုက်ပါလာသည့် BGO 7K-XXXX ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ ကျွန်းခွဲသား ၆၀ ချောင်း၊ ကျွန်းသစ်ဆိုဒ်စုံ လုံး/ခွဲခြမ်း ၁၇ ခု၊ ပျဉ်းကတိုးခွဲခြမ်း နှစ်ခု၊ ပျဉ်းကတိုးသစ်လုံး တစ်လုံး၊ စုစုပေါင်း ၂.၇၃၂၀၆ တန်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စစ်မေးရာ အဆိုပါသစ်များသည် မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာနေ‌ အေးဟန်(၅၀)နှစ် ပိုင်ဆိုင်သည့် သစ်များဖြစ်ကြောင်းသိရှိရ၍ ဇော်မင်းထွဋ်၊ သန်းတင့်နှင့် အေးဟန်တို့ သုံးဦးအား စစ်ကွင်းနယ်မြေရဲစခန်း (ပ)၁၇/၂၀၂၅၊ သစ်တောဥပဒေ ပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။