Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိ

     လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၈ ရက် နံနက် ၆ နာရီ ၁၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ (က)ရပ်ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် မြို့ဦးထိန်သစ်ဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးဝါသဝ(ခ)စိုးကျော်ထွေး(၃၅)နှစ် ၄ ဝါ၊ ဦးမျိုးဦး(၅၃)နှစ်၊ ဒေါ်ထွေးကြည်(၈၉)နှစ်နှင့် မပန်းအိသွယ်(၈)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော်များ၊ အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့၌ အကြမ်းဖက်အုပ်စု PDF က ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာ တစ်ပါး၊ အမျိုးသား တစ်ဦး၊ အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။