၂၀၂၅ ခုနှစ်၊ မတ် ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ငါးဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁၅ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ စိုက်ပျိုးရေးကျေးရွာအနီး ခရိုင်ချင်းဆက်လမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ စဉ့်ကိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာနေ ဇော်မင်းထွန်း(၄၅)နှစ် မောင်းနှင်လာသည့် 1P/XXXX Hilux ခဲရောင်ယာဉ်မှာ အခင်းဖြစ်နေရာအရောက်၌ ရှေ့မှမောင်းနှင်နေသော ယာဉ်တစ်စီးအား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ မြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် တစ်ရွာတည်းနေ ဦးသိုက်အစ်(၃၇)နှစ်၊ မောင်ကောင်းပြည့်(၁၀)နှစ်၊ မရွှေစင်ချမ်းမြေ့(၆)နှစ်၊ ဒေါ်ဖြူဖြူနွယ် (၄၅)နှစ်နှင့် မနိုးနိုး(၁၉)နှစ်တို့ ငါးဦးမှာ သေဆုံးသွားခဲ့ပြီး ကိုနိုင်နိုင်ဦး(၂၈)နှစ်၊ ဒေါ်စုစုမွန်(၄၂)နှစ်၊ ဒေါ်ချိုမာတင်(၃၅)နှစ်၊ မချစ်မြတ်နိုး(၁၅)နှစ်၊ ဒေါ်ခိုင်မြတ်နိုး(၄၈)နှစ်နှင့် မအိခိုင်(၂၅)နှစ်တို့ ခြောက်ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဇော်မင်းထွန်းအား စဉ့်ကိုင်မြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ငါးဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။