Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဟန်ဝင်းအောင် မောင်းနှင်ပြီး နိုင်မင်းထက်နှင့် စိုးမိုးအောင်တို့ လိုက်ပါလာသည့် NISSAN CONDOR ခြောက်ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဂျပ်စက္ကူအဟောင်းများ၊ ရေသန့်ဘူးခွံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၃,၀၈၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သူများဖြစ်ကြသည့် တင်ဝင်းအား ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၁၃၉(B)လမ်း၊ ၆၂ x ၆၃ လမ်းကြားတွင်လည်းကောင်း၊ မသီရိဒုံနှင့် မဝါဝါစိုတို့အား မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။