၂၀၂၅ ခုနှစ်၊ မတ် ၁၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ဆိုင်ကယ်ခိုးယူသူ မသင်္ကာဖွယ်အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၂)၊ ရေချမ်းအိုးကျေးရွာ၊ ဇမ္ဗူဒီပါလမ်းမအရောက်၌ တောင်မှ မြောက်သို့ အင်းယားကျေးရွာနေ တင်ဦး(ခ)ဟာစန်းပိုင်(ခ)ကုလားလေး(၂၇)နှစ် မောင်းနှင်လာသည့် KENBO CZI-125 မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်နှင့်ပတ်သက်သည့် ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့်အပြင် အခြားတစ်နေရာရာမှ ခိုးယူလာခြင်းဖြစ်ကြောင်း မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိရသဖြင့် တင်ဦး(ခ)ဟာစန်းပိုင် (ခ)ကုလားလေး အား ပြင်ဦးလွင် မြို့မရဲစခန်း (ပ)၆၅/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ဆိုင်ကယ်ခိုးယူသူ မသင်္ကာဖွယ်အမျိုးသား
တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။