၂၀၂၅ ခုနှစ်၊ မေ ၂ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအုပ်စု၊ ယင်းမာပင်ကျေးရွာအနီး၌ စိုးလွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းတင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၀,၀၀၀ ပြား (တစ်ပြားလျှင် ငွေ ၁,၅၀၀ ကျပ်ဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၄,၀၅၀) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီ ၁၅ မိနစ်တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ သူဌေးကုန်း ကျေးရွာအနီး၌ စိတ်ကြွရူးသွပ်ဆေးပြားများ လက်ခံမည့် တင်မော်ထွန်း(ခ)မော်ကြီး၊ သိန်းဇော်၊ ဝေဖြိုးကျော်(ခ)ကိုဖြိုး၊ သက်အောင်နှင့် သက်နိုင်စိုး(ခ)အငယ်လေးတို့ ငါးဦးအား TOYOTA WISH မော်တော်ယာဉ် တစ်စီး၊ ဆိုင်ကယ် တစ်စီးနှင့်လည်းကောင်း၊ မောင်မောင်ဌေးနှင့် ဇော်လတ်မင်းတို့ နှစ်ဦးအား ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၆၁/၅ နှင့် ၂၆၁/၄ ကြား၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ပြား(တစ်ပြားလျှင် ငွေ ၁,၅၀၀ ကျပ်ဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၃,၀၀၀)၊ MARK II မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ ည ၈ နာရီ ၂၀ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ ဒေါ်လှညွန့်စိန်၊ ဒေါ်မေကြည်အေးနှင့် သန့်ဇင်ဖြိုး(ခ)ဌေးဝင်းတို့အား ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ တည်းခိုခန်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅ ပြား (တစ်ပြားလျှင် ငွေ ၅၀၀ ကျပ်ဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၀ ဒသမ ၆၇၅ သိန်း)နှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စိုးလွင်(၅၀)နှစ်၊ တင်မော်ထွန်း(ခ)မော်ကြီး(၄၀)နှစ်၊ သိန်းဇော်(၅၄)နှစ်၊ ဝေဖြိုးကျော်(ခ)ကိုဖြိုး(၂၈)နှစ်၊ သက်အောင်(၂၇)နှစ်၊ သက်နိုင်စိုး(ခ)အငယ်လေး(၂၉)နှစ်၊ မောင်မောင်ဌေး(၄၇)နှစ်၊ ဇော်လတ်မင်း(၅၂)နှစ်၊ ဒေါ်လှညွန့်စိန်(၅၂)နှစ်၊ ဒေါ်မေကြည်အေး(၄၀)နှစ်နှင့် သန့်ဇင်ဖြိုး(ခ)ဌေးဝင်း(၃၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။