Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မေ ၇ ရက်က  စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၇ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့မှ မုံရွာမြို့သို့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၇)နေ တင်ထွန်းဦး(၃၃)နှစ် မောင်းနှင်လာသည့် MDY/RLG-XXXXX AD Van အဖြူရောင်မော်တော်ယာဉ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်နေ လင်းမင်း(၄၄)နှစ် မောင်းနှင်လာသည့် MDY/RLG-XXXX AD Van အဖြူရောင်မော်တော်ယာဉ်နှင့် ငါန်းဇွန်မြို့နယ်၊ တမာပင်ကြီးကျေးရွာနေ မိုးဆန်းဦး(၃၀)နှစ် မောင်းနှင်လာသည့် MDY/RLG-XXXX AD Van အဖြူရောင် မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရာ ယာဉ်များနှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းတို့သုံးဦးအား စစ်ကိုင်းမြို့မရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။