Language: Myanmar English

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၌ အမျိုးသား နှစ်ဦး(စိစစ်ဆဲ)က လှံဖြင့် ထိုးသွင်းတိုက်ခိုက်ခဲ့သဖြင့် ရာအိမ်မှူး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     ၂၀၂၅ ခုနှစ်၊ မေ ၇ ရက် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၌ အမျိုးသား နှစ်ဦး(စိစစ်ဆဲ)က လှံဖြင့် ထိုးသွင်းတိုက်ခိုက်ခဲ့သဖြင့် ရာအိမ်မှူး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၇ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေ ရာအိမ်မှူး ဦးတင့်ဝေ(၅၈)နှစ်(ဘ)ဦးစံထွေးသည် ၎င်း၏နေအိမ်၌မိသားစုနှင့် အတူ အိပ်နေစဉ် နေအိမ်ရှေ့မှ လှမ်းခေါ်သံကြား၍ ထွက်ကြည့်ခဲ့ရာ မျက်နှာဖုံးတပ်ဆင်ထားသော အမျိုးသား နှစ်ဦး(စိစစ်ဆဲ)မှ အသင့်ယူဆောင်လာသော လှံဖြင့် ထိုးသွင်းတိုက်ခိုက်ကာ ထွက်ပြေး သွားခဲ့သဖြင့် ဦးတင့်ဝေတွင် ဝဲလက်မောင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲချိုင်းအောက်ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲပခုံးပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ယာလက်ပြတ်ရှဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့သဖြင့် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးတိုက်နယ်ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ တရားခံများအား ကျုံမငေးနယ်မြေရဲစခန်း၌ (ပ)၁၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၅၈ ဖြင့် အမှုဖွင့်လှစ်ပြီး ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။