၂၀၂၅ ခုနှစ်၊ မေ ၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၈ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေး-ရွှေဘို-မုံရွာကားလမ်းအတိုင်း အရှေ့မှ အနောက်သို့ မဟာအောင်မြေမြို့နယ်နေ ဇော်ဝင်းမောင်(၃၇)နှစ် မောင်းနှင်လာသည့် MDY/RLG-XXXX NISSAN AD VAN အဖြူရောင်မော်တော်ယာဉ်၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နေ ဆိုင်းခွမ်(၂၈)နှစ် မောင်းနှင်လာသည့် YGN-17/5P-XXXX HONDA FIT အဖြူရောင် မော်တော်ယာဉ်နှင့် ပြည်ကြီးတံခွန်မြို့နယ်နေ ဝင်းထိုက်စိုး(၄၄)နှစ်မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဝေယံစိုး(၂၅)နှစ် လိုက်ပါလာသည့် MDY-13/5E-XXXX HONDA FIT ခဲရောင်မော်တော်ယာဉ်တို့အား စစ်ဆေးခဲ့ရာ အဆိုပါယာဉ်များနှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စစ်ကိုင်းမြို့မရဲစခန်း၌ ဇော်ဝင်းမောင်နှင့် ဆိုင်းခွမ် တို့အား ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း၊ ဝင်းထိုက်စိုးနှင့် ဝေယံစိုး တို့အား ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။