Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ပြီး အမျိုးသား တစ်ဦး သေဆုံး

     ၂၀၂၅ ခုနှစ်၊ မေ ၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး အမျိုးသား တစ်ဦး သေဆုံး သွားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၈ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၊ ပြင်စာကျေးရွာ ပြင်ဦးလွင်-မန္တလေးအဆင်းကားလမ်း မိုင်တိုင်အမှတ် ၂၄ မိုင် ၁ ဖာလုံအနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပြင်စာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချို မြို့နယ်၊ လောက်ဖန်းကျေးရွာနေ အောင်ကိုလတ်(၃၇)နှစ် မောင်းနှင်လာသည့် MDY-16/9M-XXXX HOWO SINO TRUCK 1 TLR-XXXX ၂၂ ဘီး မော်တော်ယာဉ်သည် ဘိလပ်မြေအိတ်များ တင်ဆောင် မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းရှိ ပေ ၅၀ ခန့် အနက်ရှိသော ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ၎င်းတွင် ဒဏ်ရာများ ရရှိခဲ့ပြီး ပြင်ဦးလွင် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်းနှင့် အောင်ကိုလတ်အား ပြင်စာနယ်မြေ ရဲစခန်း ယာဉ်(ပ)၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ပြီး အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။