၂၀၂၅ ခုနှစ်၊ မေ ၈ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အမြန်လမ်းမကြီးပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၅ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရန်ကုန်မှ မန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီ မြို့နယ်၊ မြောင်းတကာစက်မှုဇုန်နေ ထက်ရဲအောင်(၃၄)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကျော်ပိုင်ဦး လိုက်ပါလာသည့် ယာဉ်အမှတ် YGN-4/7R-XXXX HINO အမျိုးအစား အစိမ်းရောင်မော်တော်ယာဉ်သည် အမြန်လမ်းအား လမ်းဖြတ်မှ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်သို့ကူးရန် အမြန်ယာဉ်ကြောပေါ်၌ ရပ်တန့် ထားစဉ် လားရာတူနောက်မှ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာနေ ကျော်ဇေယျ (၄၃) နှစ် မောင်းနှင်လာသော BGO-11/4P-XXXX HIACE ခဲရောင် မော်တော်ယာဉ်က နောက်မှဝင်ရောက်တိုက်မိခဲ့၍ ကျော်ဇေယျတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ထက်ရဲအောင်နှင့် ကျော်ဇေယျတို့ နှစ်ဦးအား ဘောနတ်ကြီး အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ အမြန်လမ်းမကြီးပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ တစ်ဦး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။