၂၀၂၅ ခုနှစ်၊ မေ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ရေနံစိမ်းများ သယ်ဆောင်လာသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ချောက်ဘုရားလှဆိပ်ကမ်း အနီး၌ ဧရာဝတီမြစ်အတွင်း ထန်းခြောက်ပင်ကျေးရွာမှ လက်ထုပ်ကျေးရွာသို့ ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာနေ မင်းသူ(၃၁)နှစ်မောင်းနှင်ပြီး ညောင်ဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာနေ အောင်ဇော်မျိုး (၂၃)နှစ် လိုက်ပါလာသည့် စက်လှေအား မသင်္ကာသဖြင့်စစ်ဆေးရာ ရေနံစိမ်းပီပါ ၅၀ လုံး၊ ဂါလန် ၂၀၀၀ ခန့် (တန်ဖိုးငွေကျပ် သိန်း ၂၅၀ ခန့်)နှင့် ပီပါခွံ ၅ လုံးတို့အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စစ်မေးရာ ပုဂံမြို့သစ်၊ ရတနာသိင်္ဃရပ်ကွက်နေ ချစ်သဲမောင်(၃၆)နှစ် ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် မင်းသူ၊ အောင်ဇော်မျိုးနှင့် ချစ်သဲမောင်တို့ သုံးဦးအား ညောင်ဦးမြို့မရဲစခန်း (ပ)၄၁/၂၀၂၅၊ ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ရေနံစိမ်းများ သယ်ဆောင်လာသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။