၂၀၂၅ ခုနှစ်၊ မေ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၀ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မောင်းမကန်ကမ်းသာလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မောင်းမကန် ကမ်းသာလမ်းအတိုင်း တောင်မှ မြောက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်နေ တင်ထူးအောင်(၃၃)နှစ် မောင်းနှင်လာသည့် AYY-5/9L-XXXX TOYOTA HIACE အဖြူရောင်မော်တော်ယာဉ်သည် နောင်ရိုးတံတားအနီးအရောက် လမ်းဖြတ်ကူးသူ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်နေ ဦးဇော်မိုးလှိုင်(၄၈)နှစ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ ခဲ့သဖြင့် ဦးဇော်မိုးလှိုင်မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် တင်ထူးအောင်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း ယာဉ်(ပ)၁၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။