Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံး

     လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက် တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူ များအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၁၁ ရက်‌ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့၊ အမှတ်(၁၆)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၉)ရပ်ကွက်နေ နတ်ထားကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း (၅၅)နှစ်သည် အမှတ်(၉)ရပ်ကွက်မှ နတ်ထားကျေးရွာသို့ သွားရောက်စဉ် အမှတ်(၁၆)ရပ်ကွက်ရှိ ခရိုင်မြို့ပတ်လမ်းဘေးအရောက် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား ခဲ့သဖြင့် ဦးဆန်းဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။