၂၀၂၅ ခုနှစ်၊ မေ ၁၃ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ ကိုးသောင်းဈေးရှိ ဈေးဆိုင်ခန်းတွင် နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပြည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ပြည်မြို့၊ ဆင်စုရပ်ကွက်နေ အောင်ဇော်မင်း(၄၁)နှစ်၏ ဈေးဆိုင်ခန်း၌ အောင်ဇော်မင်း၊ ဒေါ်ကြည်ပြာ(၄၂)နှစ်နှင့် ဒေါ်အုန်းမြင့်(၇၀)နှစ်တို့ သုံးဦးအား နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ပြည်မြို့မရဲစခန်း (ပ)၄၆/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။