၂၀၂၅ ခုနှစ်၊ မေ ၁၂ ရက်နှင့် မေ ၁၃ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၂ ရက် ညနေ ၄ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမှ မုံရွာမြို့သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်နေ ဆန်းဝင်းမော်(၃၇)နှစ် မောင်းနှင်သည့် SHN-12/3L-XXXX CROWN အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ဆန်းဝင်းမော်အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၁၇၁/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း။
အလားတူ မေ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်လမ်းဆုံ၌ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် စစ်ကိုင်းမြို့နယ်၊ ထန်းမြင့်ကျေးရွာနေ လွှမ်းမိုးအောင်(၃၁)နှစ် မောင်းနှင်သည့် SHN-18/RLG-XXXX SURF အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် လွှမ်းမိုးအောင်အား စစ်ကိုင်းနယ်မြေရဲစခန်း (ပ)၃၀/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း။
ထို့ပြင် မေ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ဝင်(မြောက်ဂိတ်)၌ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကံပြားကျေးရွာမှ မကွေးမြို့သို့ နတ်မောက်မြို့နယ်၊ အောင်ဆန်းရပ်ကွက်နေ အောင်ပြည့်လျှံဦး(၂၇)နှစ် မောင်းနှင်လာသည့် YGN-21/9I-XXXX HONDA INSIGHT ခဲရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် အောင်ပြည့်လျှံဦးအား မကွေး နယ်မြေရဲစခန်း (ပ)၇၁/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။