၂၀၂၅ ခုနှစ်၊ မေ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ကြက်တိုက်လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၃ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၀/၁၁)ရပ်ကွက်၊ ငမိုးရိပ်ချောင်းဘေး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်းထားရှိသောမြေနေရာ၌ ယာယီတဲများ ဆောက်လုပ်ထားကြောင်း သတင်းအရ မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါမြေကွက်လပ်ပေါ်ရှိ လူ ၁၀ ဦးခန့်မှာ ထွက်ပြေးသွားခဲ့ပြီး အမှတ်(၁၂)ရပ်ကွက်နေ အောင်ကြီး(၄၄)နှစ်အား တိုက်ကြက်ဖ နှစ်ကောင်၊ ကြက်တိုက်လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်များ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်ကြီးအား ရွှေပေါက်ကံနယ်မြေရဲစခန်း (ပ)၄၇/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ကြက်တိုက်လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။