Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး

    ၂၀၂၅ ခုနှစ်၊ မေ ၁၄ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအနီး၌ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၃၈ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(နေပြည်တော်)မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တပ်ကုန်းမြို့မှ ပျဉ်းမနားမြို့သို့ အဆိုပါ ကျေးရွာနေ ဦးဝင်းညွန့်(၅၆)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်မြင့်ရီ(၅၆)နှစ် လိုက်ပါလာသော MDY/80W-XXXX DAYANG 110 ဆိုင်ကယ်သည် စက်ချို့ယွင်း၍ ပျဉ်းမနားမြို့သို့ ခေါင်းတည်ပြီး ရပ်ထားသော ရမည်းသင်းမြို့နယ်၊ ပြတိုက်ကျေးရွာနေ ထက်ကျော်(၄၀)နှစ် မောင်းနှင်သည့် MDY-13/ 2TLR-XXXX ၂၂ ဘီးနောက်တွဲမော်တော်ယာဉ်အား နောက်မှဝင်တိုက်မိခဲ့သဖြင့် ဦးဝင်းညွန့်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး ဇနီး ဒေါ်မြင့်ရီတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ဝင်းညွန့်အား ရွှေတွင်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။