Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်တို့တွင် မူးယစ် မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၆ ဒသမ ၂ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၈ သိန်းခန့် ဖမ်းဆီးရမိ

     လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ၂၀၂၅ ခုနှစ်၊ မေ ၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်း၊ ရှမ်းတဲကျေးရွာအနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် မင်းလှဘက်မှ မင်းတုန်းဘက်သို့ ပြည့်ဖြိုးကျော် မောင်းနှင်ပြီး မဇင်ဇင်ဝေ(ခ) ဇင်ဇင်မာ လိုက်ပါလာသည့် X-TRAIL မော်တော်ယာဉ်နှင့် ရန်နိုင်ထွဋ် မောင်းနှင်ပြီး တင်လတ် လိုက်ပါလာသည့် SURF မော်တော်ယာဉ်တို့အား ရှာဖွေခဲ့ရာ အဆိုပါ ယာဉ်နှစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့သည်။
    ၎င်းတို့၏ ဖော်ထုတ်ချက်အရ ပျဉ်းမနားမြို့မှ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်သို့ စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မနန်း(ခ)မျိုးသီရိကျော်နှင့် မျိုးဇော်အောင်တို့နှစ်ဦး၏ မူးယစ် ဆေးဝါးသယ်ဆောင်ရာ၌ အသုံးပြုခဲ့သည့် TOYOTA HILUX SURF မော်တော်ယာဉ်တစ်စီးအား ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း၊ မျိုးဇော်အောင်နှင့် မနန်း(ခ) မျိုးသီရိကျော်တို့သည် ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာရှိ အောင်နိုင်၏ နွားခြံစတိုအတွင်း ကရင်ပြည်နယ်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သိရှိရသဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၀ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာရှိ အောင်နိုင်၏ နွားမွေးမြူရေးခြံသို့ ဝင်ရောက် ရှာဖွေခဲ့ရာ အောင်နိုင်နှင့် ဇော်ဝင်းတို့ နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၇၆ ဒသမ ၁၇၈ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ငါးကီလို၊ ကက်တမင်း တစ်ကီလိုနှင့် စိတ်ပြောင်း ဆေးဝါးများရောစပ်ထားသည့် Happy Water ၂ ဒသမ ၉၁၅ ကီလိုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသတန်ဖိုးငွေ ၁၆ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၇ ဒသမ ၉ သိန်းကျော်၊ အိုက်စ် (မက်သ်အဖက် တမင်း) ငါးကီလို၊ ကက်တမင်း တစ်ကီလိုနှင့် စိတ်ပြောင်း ဆေးဝါးများရောစပ် ထားသည့် Happy Water ၂ ဒသမ ၉၁၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း။
    မေ ၁၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ တင်ဆောင်ပေးသူ ထွန်းလင်း(ခ) ရှမ်းကုလားအား ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ မျိုးဇော်အောင်နှင့် မနန်း(ခ) မျိုးသီရိကျော်တို့သည် ရှမ်းပြည်နယ်မှ သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို ပျဉ်းမနား မြို့နယ်မှတစ်ဆင့် မင်းတုန်းမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ရာတွင် တင်လတ် (ခ) စောတင်လတ်မှ တာဝန်ခံ၍ ပြည့်ဖြိုး(ခ) ရန်နိုင်ထွဋ်၊ မဇင်ဇင်ဝေ(ခ) ဇင်ဇင်မာ တို့နှင့် အတူသယ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကရင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများအား ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်း ကျေးရွာရှိ အောင်နိုင်၏နွားခြံတွင် သိုဝှက်ထားရှိကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက် ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တရားခံများအားတွေ့ရစဉ်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများ နှင့်အတူ တရားခံများအားတွေ့ရစဉ်။