Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ စက်သုံးဆီများ တရားမဝင်ရောင်းချသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ စက်သုံးဆီများ တရားမဝင် ရောင်းချသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

   ဖြစ်စဉ်မှာ မေ ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ညောင်အင်း ကျေးရွာ၌  စက်သုံးဆီများ တရားမဝင်လက်ဝယ်ရောင်းချနေကြောင်း သတင်းအရ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ  ဒေါ်နွယ်နွယ်ဝင်း(၅၀)နှစ်၏နေအိမ်မှ ပလတ်စတစ်ပုံးဖြင့် ထည့်ထားသော 92 ဓာတ်ဆီ ၅ ဂါလန်ခန့်၊ ၁ လီတာဆန့် ရေသန့်ဘူးဖြင့် 92 ဓာတ်ဆီ ၅ ဘူးနှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း။ 

     အလားတူ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် အဆိုပါကျေးရွာနေ သက်ဆွေ(၅၀)နှစ်၏ နေအိမ်မှ  92 ဓာတ်ဆီ ၃၀ ဂါလန်ပါ ပေပါ ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း တွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် ဒေါ်နွယ်နွယ်ဝင်းနှင့် သက်ဆွေတို့နှစ်ဦးအား ပဲခူးမြို့၊ အမှတ်(၃)နယ်မြေရဲစခန်း၌ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ စက်သုံးဆီများ တရားမဝင်ရောင်းချသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။