Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲ

     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့်တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၂၁ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်၌ မိုင်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်ရှိ အမှတ်(၃)တံတားနှင့် ကိုက် ၃၀၀ ခန့်အကွာရှိ ဓာတ်တိုင်အောက်မှ အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် 
လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲမှု မှတ်တမ်းဓာတ်ပုံ။