Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ရှစ်ဦးအား ဖမ်းဆီးအရေးယူ

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မေ ၂၃ ရက်က ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ရှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ မေ ၂၃ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် တောင်ကြီးမြို့နယ်၊ ဂနိုင်ရွေးကျေးရွာဘုရားကုန်းရှိ လူမနေသည့် ဇရပ်ဆောင်အဟောင်းတွင် ဖဲရိုက်လောင်းကစားပြုလုပ်နေကြကြောင်း သတင်းအရ တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်နေသူများဖြစ်သည့် ချမ်းငြိမ်း(၂၃)နှစ်ပါ အမျိုးသား ရှစ်ဦးအား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ချမ်းငြိမ်းပါ ရှစ်ဦးအား တောင်ကြီးနယ်မြေရဲစခန်း (ပ)၇၈/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ တရားခံများနှင့် သက်သေခံပစ္စည်း မှတ်တမ်းဓာတ်ပုံ။