၂၀၂၅ ခုနှစ်၊ မေ ၂၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့မှ မုံရွာမြို့သို့ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာနေ နေဝင်း(၃၂)နှစ် မောင်းနှင်လာသည့် SHN-18/RLG-XXXX NISSAN X-TRAIL အဖြူရောင်မော်တော်ယာဉ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အိုးဘိုကျေးရွာနေ ငွေမင်းဖြိုး(၂၉)နှစ် မောင်းနှင်လာသည့် MDY-15/9P-XXXX TOYOTA HILUX VIGO အဖြူရောင်မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ငွေမင်းဖြိုးနှင့် နေဝင်းတို့ နှစ်ဦးအား စစ်ကိုင်းမြို့မရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။