၂၀၂၅ ခုနှစ်၊ မေ ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကျွန်းပင်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၇ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ကြံတောစုကျေးရွာအနီး၌ ရန်ကုန်-ပြည်ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၂၅ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကြို့ပင်ကောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပြည်-ရန်ကုန်ကားလမ်းအတိုင်း ဇီးကုန်းမြို့မှ ကြို့ပင်ကောက်မြို့သို့ ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းရပ်ကွက်နေ အောင်ကျော်မြင့်(၅၃)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ စိုင်းဇေယျာလင်း(၃၁)နှစ် လိုက်ပါလာသည့် NPW-8/3S-XXXX ISUZU အဖြူရောင် မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ကျွန်းပင်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် အောင်ကျော်မြင့်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး စိုင်းဇေယျာလင်းတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် အောင်ကျော်မြင့် အား ကြို့ပင်ကောက်မြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ကျွန်းပင်အား ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။