Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ ငွေကျပ် ၃၇၆ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

      ၂၀၂၅ ခုနှစ်၊ မေ ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၃)လမ်းရှိ HOTEL-72၊ အခန်းအမှတ် ၂၁၀ သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ဒေါ်ဖြူဖြူလွင်(ခ)ရစူဘီအား စိတ်ပြောင်းဆေးဝါး Ecstasy ဆေးပြား ၃၀၀ ပြား(တစ်ပြားလျှင်  ၄၀,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၁၂၀)၊ Erimin-5 ဆေးပြား ၈၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁၂,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၉၆ သိန်း)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
     ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ပေးသူ ခင်မောင်လတ်(ခ)အူမဲအား တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှုရတနာလမ်းရှိ လက်ဖက်ရည်ဆိုင်၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်အရ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် စိတ်ပြောင်းဆေးဝါးများအား ပေးပို့ရန်စေခိုင်းသူ သိန်းစံ(ခ)စလင်း နေထိုင်သည့် တာမွေမြို့နယ်၊ ပျားရည်ကုန်းရပ်ကွက်၊ ကျိုက္ကဆံလမ်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါး Ecstasy ဆေးပြား ၄၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၄၀,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၁၆၀ ) ဖမ်းဆီးရမိသဖြင့် ဒေါ်ဖြူဖြူလွင်(ခ)ရစူဘီ(၄၃)နှစ်၊ ခင်မောင်လတ်(ခ)အူမဲ(၃၉)နှစ်နှင့် သိန်းစံ(ခ)စလင်း(၃၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။