၂၀၂၅ ခုနှစ်၊ မေ ၂၈ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်နှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၈ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အမှတ် (၉)ရပ်ကွက်နေ ဒေါ်ဇင်နှင်းဝေ(၂၇)နှစ်၏နေအိမ်၌ နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၌ ဒေါ်ဇင်နှင်းဝေအား နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်းဖမ်းဆီးရမိခဲ့သဖြင့် ဇင်နှင်းဝေ အား ကလောမြို့မရဲစခန်း (ပ)၇၃/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့်လည်းကောင်း။
အလားတူ မေ ၂၈ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာနေ ဒေါ်ဝေမာမြင့်(ခ)မလေး(၃၁)နှစ်၏နေအိမ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သထုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၌ နေထိုင်သူများဖြစ်သည့် ဒေါ်ဝေမာမြင့်(ခ)မလေးနှင့်အတူ ဒေါ်အိနေဇာဦး (ခ)ကော်ရုပ်(၄၁)နှစ်တို့ နှစ်ဦးအား နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်းဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်ဝေမာမြင့်(ခ)မလေးနှင့် ဒေါ်အိနေဇာဦး(ခ)ကော်ရုပ်တို့ နှစ်ဦးအား သထုံမြို့မရဲစခန်း (ပ)၈/၂၀၂၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ ကလောမြို့နယ်နှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး သုံးဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။