Language: Myanmar English

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ ငွေကျပ် သိန်း ၂,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ မေ ၂၇ ရက် ၁၀ နာရီ ၁၅ မိနစ်တွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံး ကျေးရွာအုပ်စု၊ လွယ်စတုံ(အောက်)ကျေးရွာအနီး၌ ယေရမိနှင့် လုကာတို့ မောင်းနှင်လာသည့် ဆိုင်ကယ် များအား ရပ်တန့်စစ်ဆေးခဲ့ရာ လုကာမှာ ဆိုင်ကယ်အား လှဲချထွက်ပြေးသွားပြီး ၎င်းတို့ဆိုင်ကယ်များဖြင့် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀,၀၀၀ ပြား (ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၂,၀၀၀)နှင့် လက်ကိုင်ဖုန်း  တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ယေရမိ(၁၉)နှစ်နှင့် လုကာ (ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း။
     အလားတူ မေ ၂၇ ရက်  မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(ပြင်)ဘုန်းကြီးကျောင်းအနီးလမ်းမပေါ်၌ ကျနူး၊ ရှေမနှင့် အိုက်ပေါင်း(ခ)အိုက်ပေါင်လော်တို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး Methamphetamine(ICE) ငါးကီလို(ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၅၀၀)နှင့် လက်ကိုင်ဖုန်း သုံးလုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျနူး(၂၄)နှစ်၊ ရှေမ(၂၀)နှစ်နှင့် အိုက်ပေါင်း(ခ)အိုက်ပေါင်လော် (၁၇)နှစ် သုံးဦးတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့်  စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။