၂၀၂၅ ခုနှစ်၊ မေ ၂၈ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ခြောက်ဘီး မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ကလော- သာစည်ကားလမ်း မိုင်တိုင်အမှတ် ၅၅ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား မကွေကျေးရွာတံတားအနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကလော)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်နေ ကျော်ဌေး(၅၇)နှစ် မောင်းနှင်ပြီး သမီးဖြစ်သူ ဆုမွန်မွန်ကျော်(၃၂)နှစ် လိုက်ပါ လာသည့် MDY-13/8M-XXXX CANTER ခြောက်ဘီး မော်တော်ယာဉ်သည် ကော်မှုန့်အိတ်များ တင်ဆောင်လျက် ကလောမြို့မှ သာစည်မြို့သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်းရှိ အနက် ၁၅ ပေခန့် ချောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့မှုကြောင့် ကျော်ဌေးနှင့် ဆုမွန်မွန်ကျော်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကျော်ဌေး အား ကလောမြို့မရဲစခန်း ယာဉ်(ပ) ၁၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ခြောက်ဘီး မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။