၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၌ မော်တော်ယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ မော်တော်ယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁ ရက် ည ၈ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာအနီး၌ ရန်ကုန်-ခရမ်းကားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သုံးခွမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လမ်းအတိုင်း သန်လျင်မှ သုံးခွသို့ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာနေ ဝေယံဖြိုး(၃၃)နှစ် မောင်းနှင်လာသော MDY-17/CC-XXXX TOYOTA PROBOX အဖြူရောင် မော်တော်ယာဉ်သည် မိုင်တိုင်အမှတ် ၅၆ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်နေ ဦးသောင်းငွေ မောင်းနှင်သော YGN-41/1E-XXXX TOYOTA RAV4 အဖြူရောင် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိမှုကြောင့် PROBOX မော်တော်ယာဉ်ပေါ်ပါ ဒေါ်တင်မာခိုင် (၃၀)နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဝေယံဖြိုးပါ အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဝေယံဖြိုး အား သုံးခွမြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၌ မော်တော်ယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ မော်တော်ယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။