Language: Myanmar English

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၃ ရက် နံနက် ၄ နာရီတွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဆန်ဆိုင်း(က)ရပ်ကွက်၊ မြို့ပတ်လမ်း NEW ONE ကားဝပ်ရှော့ရှေ့တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်နေ နန်းအေးမွမ်း(၂၁)နှစ် မောင်းနှင်လာသည့် SHN-12/9L-XXXX TOYOTA CROWN အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် နန်းအေးမွမ်းအား တာချီလိတ်မြို့မရဲစခန်း (ပ)၁၁၄/ ၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း။
    အလားတူ ဇွန် ၃ ရက် ည ၁၁ နာရီခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဆွမ်ပရာဘွမ်လမ်းနှင့် ရွှေလမ်းမလမ်းဆုံ၌ အမှတ်(၉၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြစ်ကြီးနား)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်နေ ဆိုင်းတူးမိုင်(၃၂)နှစ် မောင်းနှင်လာသော YGN-9/9Q-XXXX HONDA FIT အဖြူရောင်မော်တော်ယာဉ်အားလည်းကောင်း၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နေ ဂွမ်လတ်ဒူ(၂၆)နှစ် မောင်းနှင်လာသော YGN-8/5K-XXXX TOYOTA HARRIER အမဲရောင်မော်တော်ယာဉ်အားလည်းကောင်း၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်နေ ကျန်းဘောမ်(၂၃)နှစ် မောင်းနှင်လာသော YGN-13/9N-XXXX TOYOTA LANDCRUISER အဖြူရောင်မော်တော်ယာဉ်အားလည်းကောင်း၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်နေ သီဟ(၂၄)နှစ် မောင်းနှင်လာသော YGN-17/2N-XXXX TOYOTA Crown အဖြူရောင်မော်တော်ယာဉ်အားလည်းကောင်း ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်များနှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း သိရှိရသဖြင့် ပလနနယ်မြေရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။