Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ် အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၅ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းမပေါ်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမှတ်(၁၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ရွှေဘို)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရွှေဘို-မြစ်ကြီးနားသွားကားလမ်းအတိုင်း မြောက်မှ တောင်သို့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၊ နောင်ဝယ်ကျေးရွာနေ မင်းသန်းစိုး(၃၄)နှစ် မောင်းနှင်လာသော NPW-8/7L-XXXX MITSUBISHI RVR အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် မင်းသန်းစိုး အားလည်းကောင်း။
     အလားတူ ဇွန် ၅ ရက် နံနက် ၉ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ဆင်မကြပ်စစ်ဆေးရေးဂိတ်တွင် ရွှေတောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပြည်မြို့မှ ရန်ကုန်မြို့သို့ ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၊ သခွတ်ချောင်းကျေးရွာနေ အောင်အောင်ဦး(၄၁)နှစ် မောင်းနှင်လာသော MDY 11/1N-XXXX TOYOTA WISH အမဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် အောင်အောင်ဦး အားလည်းကောင်း။
     ထို့အတူ ဇွန် ၅ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မုန်တိုင်း ကျေးရွာအတွင်း ပဲခူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြို့ရှောင်လမ်းအတိုင်း ပြင်စည်မီးပွိုင့်မှ မုန်တိုင်းကျေးရွာသို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး(၇)နေ စည်သူအောင်(၃၆)နှစ် မောင်းနှင်လာသည့် YGN-45/4K-XXXX MITSUBISHI MINICAB အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် စည်သူအောင် အားလည်းကောင်း။
     ထို့အတူ ဇွန် ၅ ရက် ညနေ ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၄)၊ ရွှေစည်းခုံလမ်းဘေး၌ ရပ်တန့်ထားသည့် MDY-16/ 5N-XXXX HONDA FIT SHUTTLE ခဲရောင်မော်တော်ယာဉ်နှင့်အတူ သန့်ဇင်(၃၄)နှစ်အား တွေ့ရှိရပြီး စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း သိရှိရသဖြင့် သန့်ဇင် အားလည်းကောင်း။
     ထို့အတူ ဇွန် ၅ ရက် နံနက် ၄ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်၊ လိုမာဟိုတယ်လမ်းကြား၌ ဟောင်လိတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ပန်ဆွန်ကျေးရွာနေ စိုင်းမွန်းဆိုင်(၂၄)နှစ် မောင်းနှင်လာသည့် SHN-12/5J-XXXX TOYOTA CROWN အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် စိုင်းမွန်းဆိုင် အားလည်းကောင်း သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။