Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ တရားမဝင်နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးအရေးယူထား

     ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက်က တရားမဝင်နှစ်လုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
      ဖြစ်စဉ်မှာ ဇွန် ၅ ရက် မွန်းလွဲ ၃ နာရီက မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၂)ရပ်ကွက်နေ နန်းသီတာဝင်း(၃၇)နှစ်၏ နေအိမ်၌ တရားမဝင်နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ နန်းသီတာဝင်း အား နေအိမ်အတွင်း၌ တွေ့ရှိရပြီး ၎င်းနှင့်အတူ တစ်ရပ်ကွက်တည်းနေ မြင့်မြင့်မိုး(ခ)မိုးမိုး(၃၂)နှစ်တို့အား တရားမဝင်နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် နန်းသီတာဝင်းတို့ နှစ်ဦးအား ရွှေပေါက်ကံနယ်မြေရဲစခန်း(ပ)၅၈/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

တရားမဝင်နှစ်လုံးထီ လောင်းကစားပြုလုပ်သူ နန်းသီတာဝင်း၊ မြင့်မြင့်မိုး(ခ)မိုးမိုးတို့ နှစ်ဦးနှင့် သက်သေခံပစ္စည်းများ မှတ်တမ်းဓာတ်ပုံ။