နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန် ၇ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အနှေးယာဉ်ကြော၌ ရပ်တန့်ထားသော မော်တော်ယာဉ်အား လားရာတူမောင်းနှင် လာသော မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိ၍ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၇ ရက် နံနက် ၃ နာရီ ၁၀ မိနစ်တွင် တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃၆ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးမှ နေပြည်တော်သို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သုံးဂွရပ်ကွက်နေ ကျော်သူရ(၂၈) နှစ် မောင်းနှင်လာသည့် MDY-22 3L/XXXX Nissan Condor မော်တော်ယာဉ်သည် အခင်းဖြစ်နေရာ အနှေးယာဉ်ကြော၌ ရပ်တန့်နေစဉ် လားရာတူ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာနေသူများဖြစ်ကြသည့် သန့်ဇင်အောင်(၂၁)နှစ်မောင်းနှင်ပြီး ဦးတင့်လွင်(၃၅)နှစ် လိုက်ပါလာသည့် MDY-4 5L/XXXX Nissan Condor မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သောကြောင့် သန့်ဇင်အောင်နှင့် ဦးတင့်လွင်တို့ နှစ်ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ကျော်သူရနှင့် သန့်ဇင်အောင်တို့ နှစ်ဦးအား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ) ၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အနှေးယာဉ်ကြော၌ ရပ်တန့်ထားသော မော်တော်ယာဉ်အား လားရာတူမောင်းနှင်လာသော မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။