Language: Myanmar English

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးနှင့် ဘက်ဟိုးယာဉ် တစ်စီးတို့အား ဖမ်းဆီးအရေးယူ

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန် ၇ ရက်က လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးနှင့် ဘက်ဟိုးယာဉ် တစ်စီးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၇ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် မိုင်းယောင်းမြို့နယ်၊ မိုင်းယောင်းခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မိုင်းယောင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဗလမင်းထင်လမ်းမပေါ်အရောက် မိုင်းယောင်းမြို့နယ်၊ ယမ်းခန်းကျေးရွာနေ အိုက်မား(၄၆)နှစ် မောင်းနှင်သည့် YGN 3G/XXXX FOTON ၁၂ ဘီး အနီရောင် မော်တော်ယာဉ်ပေါ်၌ ပြည်မြို့၊ ပြည်သာယာရပ်ကွက်နေ စိုင်းဇော်မြင့်(၃၅)နှစ် မောင်းနှင်သည့် HYUNDAI ၂၀ တန် အဝါရောင်ဘက်ဟိုးယာဉ်အား တင်ဆောင်၍ ရပ်တန့်ထားသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ အဆိုပါယာဉ်များနှင့်ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အိုက်မားနှင့် စိုင်းဇော်မြင့်တို့ နှစ်ဦးအား မိုင်းယောင်းမြို့မရဲစခန်း(ပ)၁၆/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ ဖမ်းဆီးအရေးယူထားသည့် လိုင်စင်မဲ့ယာဉ်နှင့် ဘက်ဟိုးယာဉ်၏ မှတ်တမ်းဓာတ်ပုံ။