Language: Myanmar English

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၈ ရက် နံနက် ၉ နာရီတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘော နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်းဘောကျေးရွာအဝင်တံတားအနီး၌ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဟိုပင်မြို့မှ ပင်းဘောကျေးရွာသို့ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်နေ ဇူဇင်ကို(၂၉)နှစ် မောင်းနှင်လာသည့် YGN-17/ 4J-XXXX TOYOTA KLUGER အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဇူဇင်ကို အားလည်းကောင်း။
     အလားတူ ဇွန် ၈ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သလ္လာရပ်ကွက်၊ ကျောက္ကာလမ်းဆုံ၌ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မုံရွာမြို့၊ မြဝတီရပ်ကွက်နေ အောင်ထွန်းနိုင်(၄၂)နှစ် မောင်းနှင်လာသည့် MDY-8/7M-XXXX  TOYOTA HIJET အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် အောင်ထွန်းနိုင် အားလည်းကောင်း။
     ထို့အတူ ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ကလွင်ကျေးရွာအုပ်စု၊ ဘိုးဘွားရိပ်သာလမ်းပေါ်၌ ရပ်တန့်ထားသည့် YGN- 40/3G-XXXX HONDA FIT မော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ အဆိုပါယာဉ်မှာ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စုနေ ဖြိုးဇင်လတ်(၃၀)နှစ် ပိုင်ဆိုင်ပြီး လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖြိုးဇင်လတ်တို့အား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တို့၌ 
လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။