Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့၌ ငွေကျပ် ၉၁၇ ဒသမ ၀၂၅ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက်က မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်းသိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၆ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်ကျေးရွာအုပ်စု၊ ရွာသာရွာကျေးရွာလမ်းပေါ်၌ ဒေါ်သီတာ၊ ဒေါ်အေးမြတ်မွန်၊ ဒေါ်ခင်စုကြည် (ခ)မိုးမိုးနှင့် မရွှေဇင်မာတို့ လေးဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅,၅၀၀ ပြား(တစ်ပြားလျှင် ၁,၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၈၃၂ ဒသမ ၅ သိန်း) ဖမ်းဆီးရမိခဲ့ကြောင်း။     
     ကွင်းဆက်ဖော်ထုတ်ချက်အရ မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဘင်စုရပ်ကွက်၊ စက်မှုဇုန်သွားလမ်းပေါ်၌ ဒေါ်မြိုင်အား စိတ်ကြွရူးသွပ်ဆေးပြား ၅,၆၃၅ ပြား (တစ်ပြားလျှင် ၁,၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၈၄ ဒသမ ၅၂၅ သိန်း) ဖမ်းဆီးရမိပြီး ကွင်းဆက်အရ ဆေးပြားများရောင်းချပေးသူ ဒေါ်မဲလုံးအား ညနေ ၄ နာရီတွင် ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်းမပေါ်၌ ဆက်လက်ဖမ်းဆီးရမိသဖြင့် ဒေါ်သီတာ(၆၀)နှစ်၊ ဒေါ်အေးမြတ်မွန် (၃၅)နှစ်၊ ဒေါ်ခင်စုကြည်(ခ)မိုးမိုး(၃၇)နှစ်၊ မရွှေဇင်မာ(၂၅)နှစ်၊ ဒေါ်မဲလုံး(၄၃)နှစ်နှင့် ဒေါ်မြိုင်(၄၃)နှစ် ခြောက်ဦးတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။