၂၀၂၅ ခုနှစ်၊ ဇွန် ၇ ရက်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နှင့် တန့်ယန်းမြို့တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇွန် ၇ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားအဆင်းလမ်း၌ သတင်းအရ စောင့်ဆိုင်းနေစဉ် ရွှေတိဂုံဘုရားမှ နတ်စင်လမ်းသို့ လမ်းလျှောက်လာသူ စိုင်းအောင်ခမ်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၇၀) ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ကျောင်းလမ်းရှိ ၎င်းနေထိုင်သည့်နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား (တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၂၈ သိန်း) ထပ်မံသိမ်းဆည်းရမိသဖြင့် စိုင်းအောင်ခမ်း(၂၆)နှစ် အားလည်းကောင်း။
အလားတူ ဇွန် ၇ ရက် ညနေ ၄ နာရီ ၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့၊ ရပ်ကွက်(၉)နေ ဒေါ်နန်းခမ်း၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၉၀၀ ပြား(တစ်ပြားလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၄၉ သိန်း) ဖမ်းဆီးရမိသဖြင့် ဒေါ်နန်းခမ်း(၄၃)နှစ် အားလည်းကောင်း မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။