၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၈ ရက် ည ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ကျောက်စိမ်းတုံးမီးပွိုင့်အရောက်၌ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်နေ ပြည့်စုံ(၃၉)နှစ် မောင်းနှင်လာသည့် YGN-8/3L-XXXX HONDA FIT ခဲရောင်မော်တော်ယာဉ်အား လည်းကောင်း၊ ည ၁၂ နာရီ ၁၅ မိနစ်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ သံလမ်းကူးလမ်းဆုံအရောက်၌ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်နေ နေထွန်းလင်း(ခ)ကိုနေ(၃၁)နှစ် မောင်းနှင်လာသည့် YGN-19/4I-XXXX HONDA FIT အမဲရောင်မော်တော်ယာဉ်အားလည်းကောင်း။
အလားတူ ဇွန် ၉ ရက် ညနေ ၄ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၉ x ၁၁၄ လမ်းထောင့်၌ အောင်ပင်လယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်နေ ကျော်စွာအောင်(၃၈)နှစ် မောင်းနှင်လာသည့် YGN-7/ 2J-XXXX HONDA INSIGHT အဖြူရောင်မော်တော်ယာဉ်အားလည်းကောင်း။
ထို့အတူ ဇွန် ၉ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီး မန္တလေး-လားရှိုးလမ်းပေါ်၌ ပိတ်ချင်းမြောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပြင်ဦးလွင်မှ နောင်ချိုသို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်နေ အေးမင်းအောင်(၂၂)နှစ် မောင်းနှင်လာသည့် MDY-16/ 5L-XXXX FORD အနက်ရောင်မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်များနှင့် ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြည့်စုံ၊ နေထွန်းလင်း(ခ)ကိုနေ၊ ကျော်စွာအောင်နှင့် အေးမင်းအောင်တို့ လေးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။